၂၀၂၁ နွေဦးတော်လှန်ရေး၏ ပန်းတိုင်မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို အပြည့်အဝကျင့်သုံးပြီး တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကို အခြေခံသည့် လက်နက်ကိုင်တော်လှန်ရေးသည် ကိုလိုနီခေတ် နှင့် လွတ်လပ်ရေး ခေတ်ဦးမှသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်အခြေခံဥပဒေ ကျင့်သုံးခဲ့သည့် ကာလများ၊ စစ်အုပ်ချုပ်ရေး ကာလများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ကျင့်သုံးခဲ့သည့် ကာလအဆက်ဆက်တွင် ပေါ်ပေါက်ခဲ့သည့် လူထုလှုပ်ရှားမှုများ၊ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုမှုများ၊ လက်နက်ကိုင်တော်လှန်ရေးများ၏ နိုင်ငံရေးဖြစ်စဉ် အဆက်တခုအဖြစ် မှတ်ယူသည်။
၂၀၂၁ နွေဦးတော်လှန်ရေးသည် သီးခြားဖြစ်ရပ်တခုမဟုတ် ခေတ်အဆက်ဆက်၏ နိုင်ငံရေး ဖြစ်စဉ်၊ ဖြစ်ရပ် အစိတ်အပိုင်းတခု ဖြစ်သည်။ ထို့ကြောင့် ၂၀၂၁ နွေဦးတော်လှန်ရေးသည် အာဏာသိမ်းစစ်အုပ်စုကို ဖြုတ်ချပြီး အစိုးရဟောင်းကို အာဏာပြန်ရရှိရေးသက်သက်မဟုတ်ဘဲ ခေတ်အဆက်ဆက်မှ တောင်းဆို တိုက်ပွဲဝင်လာခဲ့သည့် တိုင်းရင်းသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ဦးတည်ရည်မှန်းချက်အဖြစ် သမိုင်းအမွေကို ဆက်ခံ အကောင်အထည်ဖော်ရမည်ဖြစ်သည်။