Who We Are?
နောက်ခံသမိုင်းကြောင်း
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့သော တိုင်းရင်းသားလူမျိုးများ၊ သီးခြားလွတ်လပ်ခဲ့သော နယ်မြေများသည် ကိုလိုနီခေတ်တွင် နယ်မြေပေါင်းစပ်အုပ်ချုပ်ခံခဲ့ရပြီး လွတ်လပ်ရေးရယူပြီးနောက် ယနေ့မြန်မာနိုင်ငံအဖြစ် မြေပုံသစ်ပေါ်ထွန်းခဲ့သည်။ ကိုလိုနီခေတ်တွင်လည်း သီးခြားလွတ်လပ်ခဲ့ သော ကရင်နီပြည်သည်ပင်လျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအကြို နိုင်ငံရေးအရှုပ်အထွေးကြား သက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတခုအဖြစ် သွတ်သွင်းခံခဲ့ရသည်။
လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်တောက်လောင်ခဲ့ပြီး မြန်မာနိုင်ငံသည် အထွေထွေအကျပ်အတည်းကို ကြုံလာခဲ့ရသည်။ နိုင်ငံရေးပြသနာကို ပြေလည်အောင် ဖြေရှင်းလိုခြင်းမရှိသော အုပ်ချုပ်သူအဆက်ဆက်ကြောင့် ပြည်တွင်းစစ် နှင့် နယ်ပယ်စုံချွတ်ခြုံကျမှုများ ရှည်ကြာခဲ့ရသည်။
၂၀၂၁ ခုနှစ် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သောအခါ ပြည်သူများမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ရရှိရေး အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုသော ပြည်သူများကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးခြင်းဖြင့် တုန့်ပြန်ပြီး လူထုတောင်းဆိုချက်များကို လိုက်လျောမည့် အခြေအနေမဖြစ်ခဲ့ပါ။ ထို့ကြောင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် တောင်းဆို၍မရသဖြင့် လက်နက်ကိုင်တော်လှန်ခြင်း ဖြင့် တိုက်ယူရတော့မည်ကို ပြည်သူအများ နားလည်လာခဲ့သည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်ကော်မတီ (ကယားပြည်နယ်) သည် အာဏာသိမ်းစစ်ကောင်စီကို ရင်ဆိုင်ရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို မလွှဲမရှောင်သာ ရွေးချယ်လာရမည်ဖြစ်ကြောင်း သုံးသပ်ဆုံးဖြတ်ထားခဲ့သဖြင့် လက်နက်ကိုင်တပ်သားများစုဖွဲ့ပြီး လေ့ကျင့်မှုများကို ၂၀၂၁ ခုနှစ် မတ်လ ပထမအပတ်တွင် စတင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မေလ ပထမအပတ်တွင် Karenni State Army (KSA) အမည် ဖြင့် တပ်ရင်း(၄)ခုကို စတင်ဖွဲ့စည်း လက်နက်တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့သည်။ ကျောက်ဆည်ကန် တိုက်ပွဲတွင် KSA သည် စတင်တိုက်ပွဲဝင်ခဲ့သည်။ KSA သည် ကရင်နီပြည်တွင် ရှိနှင့်ပြီးသာ EAO များအားလုံးနှင့် ပူးပေါင်းပြီး တပ်ပေါင်းစုတခုအဖြစ် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သပိတ်ကော်မတီသည် KSA ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ သိုသိပ်ထားခဲ့သည်။
ကရင်နီပြည်တွင် တိုက်ပွဲများစတင်ပြီးနောက် လက်နက်ကိုင်အစုအဖွဲ့ အသစ်များစွာ ပေါ်ထွက်လာခဲ့သည်။ ကွဲပြားလှသည့်ပုံစံဖြင့် စစ်ရေးတိုက်ပွဲ ဝင်သည့်အခါ အမိန့်ပေးမှုအခက်အခဲ၊ ဗျူဟာချမှတ်မှုအခက်အခဲ စသဖြင့် အားနည်းချက်များစွာကို ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် အသစ်ပေါ်ထွန်းလာသော လက်နက်ကိုင်အစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးကာ KSA အပါအဝင် အခြားသော အစုအဖွဲ့များကို စုပေါင်းပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟု အမည်ရွေးချယ်ကာ ၂၀၂၁ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေး လမ်းညွှန်မှုကို ခံယူသည့် တပ်ဖွဲ့အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး လူထုလှုပ်ရှားမှုမှတဆင့် မွေးဖွားပေးလိုက်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို လက်နက်စွဲကိုင်တော်လှန်သည်နှင့် တပြိုင်နက်တည်းတွင် အနာဂါတ် နိုင်ငံတော်အတွက် လိုအပ်သည့် အခြေခံမူဝါဒများ၊ ပြည်နယ်တွင်း ကျင့်သုံးရန် လိုအပ်သည့် မူဝါဒများ၊ မိမိတို့ အဖွဲ့တွင်း ကျင့်သုံးမည့် ကဏ္ဍအသီးသီးအတွက် မူဝါဒများကို ချမှတ်ကာ ချီတက်လျက်ရှိသည်။
၂၀၂၁ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ကရင်နီပြည် နယ်ပယ်အသီးသီးမှ တော်လှန်ရေးအင်အားစု အသစ်များကို စုစည်းပြီး တပ်ပေါင်းစုအဖြစ် ဖွဲ့စည်း ခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သည် ယခုအခါ (၁)နှစ်တာ ကာလကို ဖြတ်သန်း လာခဲ့ရပြီး ဖြစ်သည်။