၂၀၂၃ခုနှစ် ဖေဖော်ဝါရီလစစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ချက်။

စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၃)

 ၂၀၂၃ ခုနှစ် ၊ မတ်လ (၄)ရက်။ 

ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီ ကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ  အနီးတဝိုက်ကျေးရွာများအတွင်း တပ်အင်အားဖြည့်တင်းသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။   

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဂိတ်စခန်းအားစွန့်ခွာထွက်ပြေးခဲ့ပါသည်။ ထို့အပြင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ တောင်မဲတင်းနှင့် ပင်ပုံကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အား(၁၀၀) ကျော် ဖြင့် စစ်ကြောင်းထိုးသဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တစ်ပတ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လဆန်းအထိ တိုက်ပွဲများ ဖြစ်ပွား နေဆဲဖြစ်ပါသည်။ တိုက်ပွဲများအတွင်း  အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO/PNA ပူးပေါင်းတပ်များအထိနာသဖြင့် လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ပါသည်။

လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းမတစ်လျှောက်ရှိ  စစ်ကောင်စီတပ်၏ လင်ဖုံလေးလမ်းခွဲနှင့် ကယန်းသာယာလမ်းခွဲရှိ စစ်ဆေးရေးဂိတ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ ထို့အတူလက်နက်ကြီးများဖြင့် အရပ်သားပြည်သူများကို တိုက်ခိုက်နေသော  လွိုင်ကော်မြို့ နှင့် လွိုင်လင်လေးမြို့အခြေစိုက် တပ်ရင်းများကို KNDF မှတန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ရှားတောမြို့နယ်တွင်လည်း၊ ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ စစ်ကောင်စီ၏  ရိက္ခာယာဥ်တန်းများကို ဖြတ်တောက် တိုက်ခိုက်ခြင်း၊ ရှေ့တန်းကုန်းစခန်းများအား တိုက်ခိုက်ခြင်း၊ လှုပ်ရှားစစ်ကြောင်းများကိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပါသည်။

ဖရူဆိုမြို့နယ်တွင်လည်း အမှတ် (၁၄) စစ်လေ့ကျင့်ရေးကြောင်းမှ လှုပ်ရှားထွက်လာသော စစ်ကြောင်းများအား တိုက်ခိုက်ခြင်းနှင့်၊ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းများအားချောင်းမြောင်း ပစ်ခတ်ခြင်းများကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့မှ လုပ်ဆောင်ခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော် နှင့် ဖယ်ခုံမြို့နယ်တို့တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေး ဆိုင်ရာနေရာများအား လေကြောင်းဖြင့် စုစုပေါင်း (၆)ကြိမ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကြောင့်  ကလေးသူငယ်များအပါအဝင် အရပ်သား (၈) ဦး သေဆုံးခဲ့ရပြီး (၁၂ ) ဦးထိခိုက်ဒဏ်ရာရခဲ့ပါသည်။ လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ( ၉) လုံး၊ ဆေးပေးခန်း (၁)ခန်း၊ ဘာသာရေးအဆောက်အဦ( ၄) လုံးပျက်စီးခဲ့ရပါသည်။

ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၃၅ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား( ၄၅) ဦးသေဆုံးကာ (၁၆) ဦးဒဏ်ရာရခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက်( ၃၄ ) လက်၊ နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ( ၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ ကျဆုံးသွားသော ရဲဘော်များအား  KNDF မှ အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။

  KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ဆက်သွယ်ရန်။ ၀၉၇၈၉၆၆၂၄၆၀၊၀၉၄၂၅၅၁၇၅၉၄၊ ၀၉၄၅၇၂၉၆၄၈၇။


Leave a Reply

Your email address will not be published. Required fields are marked *