အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့် ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့်စပ်လျဥ်း၍ ထုတ်ပြန်ခြင်း။

စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၅)

၂၀၂၃ ခုနှစ် ၊ မတ်လ (၁၂)ရက်။ 

အကြမ်းဖက်စစ်ကောင်စီ တပ်သည် ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်ကြီးကျောင်းတွင် ခိုလှုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။ 

မတ်လ (၁၁) ရက်နေ့၊ ညနေခင်း (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား (၃၀)ဦးနှင့် ဘုန်းကြီး (၃)ပါးတို့အား ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော် နံရံဘက်ရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့ပါသည်။ ထိုဖြစ်စဉ်ကို ကျူးလွန်သော စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ်တွင်  KNDF, PDF, KAတို့ မလှမ်းမကမ်းမှ ကင်းထောက်တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အား အများအပြားဖြင့် ဝင်ရောက်စီးနှင်းမှုကြောင့် မိမိတို့မှ ဝင်ရောက်ကူညီနိုင်ခြင်းမရှိခဲ့ပါ။ နောင်နေ့ မတ်လ (၁၂) နေ့လည် အချိန်မှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ယခုဖြစ်စဉ်ကို မှတ်တမ်းရယူနိုင်ခဲ့သည်။ ပျောက်ဆုံးသူ (၃၀) ဦးအနက် သေဆုံးသူများ၏ အလောင်း (၂၈) လောင်းကို တွေ့ရှိခဲ့ရပါသည်။ 

သေဆုံးသူ၏ အလောင်းများကို KNDF မှ သယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ရဲဌာနနှင့် ဆေးမှုခင်းများကို ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည်။ ထို့အတူ သက်ဆိုင်ရာ မိသားစုများကိုလည်း လုံခြုံစိတ်ချသောနေရာ၌ ဘာသာရေးအရ ဆောင်ရွက်သင့်သည်များ ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ကူညီသွားပါမည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို KNDF, KA, ရှမ်းတောင် PDF, PDF ဖယ်ခုံ၊ PDF မိုးဗြဲ နှင့် လာရောက်ကူညီသည့် DMO PDF တို့မှ ဆက်လက်တန်ပြန်စစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ယခုကျူးလွန်မှုအတွက် သက်ဆိုင်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်ကို အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားပါမည်။ 

          KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ဆက်သွယ်ရန်။ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄၊

 


Leave a Reply

Your email address will not be published. Required fields are marked *