ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် ဖြစ်ပွားသော တိုက်ပွဲများနှင့်စပ်လျဥ်း၍ထုတ်ပြန်ကြေညာခြင်း။

 စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၇)

၂၀၂၃ ခုနှစ် ၊ မတ်လ (၂၅)ရက်။ 

၂၀၂၃ ခုနှစ် ၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား မိမိတို့ကရင်နီ ပူးပေါင်းတပ်များမှ ယနေ့ထိ ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများ နေ့စဥ်ပြင်းထန်ခဲ့ပါသည်။ စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာချိန်တွင် ကရင်နီတပ်မတော် KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ ဘောလခဲ PDF တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ပြီး နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်ထန်ခဲ့ပါသည်။

ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ်လ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့ထိ KA ၊ KNDF/B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။ စစ်ကောင်စီတပ်ဖွဲ့အား မိမိတို့ပူးပေါင်းတပ်များမှ ချေမှုန်း တိုက်ခိုက်ခဲ့ ရာတွင် ၎င်းတို့ထံမှ MA-1 (၁၀)လက် ၊ MA-2 (၁၀)လက် ၊ MA-3 (၁၀)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9MM ပစ္စတို (၅)လက် ၊ RPG (၂)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ မိုင်းရှာစက် (၁)လုံး ၊ ဆက်သွယ်ရေးစက်များ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ များ ၊ ဖုန်းများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့ပါသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာချိန်မှစ၍ ယနေ့ထိ ခုခံတိုက်ခိုက်ခဲ့ရာတွင် မိမိတို့ KNDF မှ ရဲဘော် (၂)ဦး ၊ KA မှရဲဘော် (၂)ဦး ၊ နေပြည်တော် PDF မှ ရဲဘော် (၁) ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှ အစဥ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။ 

မတ်လ (၉) ရက်နေ့မှစ၍ ယနေ့ထိဖြစ်ပွားနေဆဲ ဖြစ်သော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အထိနာ၍ ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်များဖက်မှ နေ့စဥ် လက်နက်ကြီးများ ပစ်ကူခဲ့သည့်အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယဥ် များဖြင့်လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်လျှက်ရှိပြီး မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရသူများလည်း ရှိပါ သည်။ စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှု အပြင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မှ မီးရှို့မှုများကြောင့် နေအိမ် (၁၀၀) ကျော် မီးလောင်ပျက်ဆီးခဲ့ပါသည်။ စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာများအတွင်း တပ်စွဲကာ မိမိတို့ ကရင်နီပူးပေါင်းတပ်များနှင့် ဆက်၍ ထိတွေ့တိုက်ပွဲများ ပြင်ထန်နေပြီး ခုခံစစ်မှ ထိုးစစ်ဆင်နိုင်သည့် တိုက်ပွဲများအား အရှိန်ကောင်းကောင်းဖြင့် ဖော်ဆောင်နိုင်ရန် ခဲယမ်းမီးကျောက်များ ဖြည့်တင်းရန် လိုအပ်နေသောကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူများအနေဖြင့် အလေးနက် ထား အကူအညီပေးကြရန် မိမိတို့ KNDF မှတောင်းဆိုပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ဆက်သွယ်ရန်။ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄။


Leave a Reply

Your email address will not be published. Required fields are marked *