၂၀၂၃ခုနှစ်၊ မတ်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ချက်

စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၉)

၂၀၂၃ ခုနှစ် ၊ ဧပြီလ (၃)ရက်။

၂၀၂၃ခုနှစ်၊ မတ်လ တစ်လတာကာလအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းအားစစ်မျက်နှာစာနှစ်ဖက်ညှပ်၍ လွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊KNDF ဗျူဟာ(၆) မှ တပ်ရင်းတစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ(၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD တို့မှ ခုခံတိုက်ခိုက်လျက်ရှိပြီး တနီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ ထို့အပြင် ဘောလခဲမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းများအား ဒေါတမကြီး၊ ဒေါညင်းခူ နှင့် ဒေါဆိုဖျကျေးရွာအနီးတဝိုက်တို့တွင် ကရင်နီတပ်မတော်(KA)၊KNDF/B04၊ KNDF/B10၊ KNDF/B15၊ KNDF/B16၊ KNDF-ETD နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းများမှ ခုခံတိုက်ခိုက်ခဲ့ ပါသည်။

ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF/B03၊KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်လျက်ရှိပါသည်။

လွိုင်ကော်မြို့နယ် နှင့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များအကြား စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်များအားKNDF/B02၊ KNDF/B03၊ KNDF/B12 နှင့် KNDF/B14 တို့မှ အခြားပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဉ်တွင် ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်များ တပ်အင်အားဖြည့်တင်းလျက်ရှိပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ ပင်လောင်းမြို့နယ် တောင်မဲတင်း၊ ဘောရမ်၊ နန်းနိမ်နှင့် လုံးပျဉ်ကျေးရွာများ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ၊ ဖယ်ခုံမြို့အစပ် ရွှေပြည်အေးရပ်ကွက်တို့တွင်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

ရှမ်း-ကယား နယ်စပ်ရှိ လွိုင်ကော်မြို့ နှင့် မိုးဗြဲမြို့ကြားရှိ ဆောင်ကန်းကျေးရွာ နှင့် ကုန်းသာရွာတို့တွင် စစ်ကောင်စီတပ်မှတပ်အင်အား ဖြန့်ထားသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ကယန်းသာယာစစ်ဆင်ရေးဂိတ် နှင့် လွိုင်ကော်မြို့နယ်အခြေစိုက် တပ်ရင်းများသို့ KNDF နှင့် KA တပ်ရင်းများမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ထို့အတူဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာဘက်သို့လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် KA၊ KNDF/B21 နှင့် ဘောလခဲPDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ ပါသည်။

မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့တွင် တိုက်ပွဲစုစုပေါင်း (၁၀၂)ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၂၈၁)ဦး သေဆုံးကာ၊ (၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံနယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နှင့် လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်(၂၂၈)လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း(၂)ကျောင်း နှင့် စာသင်ကျောင်း(၃)ကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူ(၅)ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီမှ သံဃာတော် (၃)ပါး အပါအဝင် အရပ်သားပြည်သူ(၂၅)ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသည်။ ထို့အတူ လေကြောင်းပစ်ခတ်မှု နှင့် လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၂၉)ဦး ထိခိုက်ခဲ့ရပါသည်။

မတ်လအတွင်း စစ်ကောင်စီ နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၃)ဦးအား အရှင် ဖမ်းဆီးရမိခဲ့သလို စစ်ကြောင်းထိုးစဉ်အတွင်း ခလရ(၁၂)မှ ဆက်သွယ်ရေးဒုတပ်ကြပ်တစ်ဦးသည်MA-3သေနတ် တစ်လက်နှင့်တကွ မိမိတို့ထံ လာရောက်ခိုလှုံခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီမှ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်း နှင့် ရိက္ခာြဖည့်တင်းခြင်းများအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားများအား သယ်ယူခြင်းများအတွက် စစ်သုံးရဟတ်ယာဉ်များကို အဓိကထား အသုံးပြုခဲ့ပြီး တစ်လတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့် ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ (၅၂)ကြိမ် နှင့်အထက် ပျံသန်းသွားလာခဲ့ပါသည်။

မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများ၌ မိမိတို့ KNDFမှ ရဲဘော်(၁၂)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ပါသောKNDFရဲဘော်များအပါအဝင် မဟာမိတ် တပ်ဖွဲ့ များမှ ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှအစဉ်အမြဲလေးစား မှတ်တမ်းတင်အပ်ပါသည်။

မတ်လတစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း KNDF နှင့် မဟာမိတ်တပ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ထံမှ လက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး(၉)လက် နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိ ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ် နှင့်ရှမ်းပြည်နယ်တောင်ပိုင်းရှိ အထက်ဖော်ပြပါနေရာဒေသများအား စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်းဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန¬

ဆက်သွယ်ရန်။ ၀၉၄၅၇၂၉၆၄၈၇၊ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄။


Leave a Reply

Your email address will not be published. Required fields are marked *