လက်နက်သိမ်းဆည်းရရှိမှု စစ်ရေးသတင်း ထုတ်ပြန်ချက် ။

၂၀၂၃ ခုနှစ် ၊ ဧပြီလ (၈)ရက်။

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နေ့ နှင့် (၅)ရက်နေ့တို့တွင် တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။

တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီ၏တပ်များအား ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်သည့် KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07 နှင့် KNDF ဗဟိုဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး နှစ်ရက်တာ အပြင်းအထန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

နှစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ (၄) ရက်နေ့ ညနေ (၃)နာရီကျော် အချိန်တွင် တိုက်လေယာဥ်ဖြင့် (၆)ကြိမ် လာရောက်ပစ်ခက်ခဲ့ပါသည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ အား သိမ်းဆည်းရရှိခဲ့ပါသည်။

ဧပြီလ (၄)ရက်နေ့ တိုက်ပွဲအတွင်း KNDF B/06 တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြက်စွာ ကျဆုံးခဲ့ရသော ရဲဘော်အား အာဇာနည်သူရဲကောင်း အဖြစ် KNDF မှ အစဥ်အမြဲလေးစားမှတ်တမ်းတင်အပ်ပါသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီးတွင်စစ်ကြောင်း ထိုးနေသော စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား မတ်လမှစ၍ ယနေ့ထိ နေ့စဥ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။
ဆက်သွယ်ရန်။ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄။


Leave a Reply

Your email address will not be published. Required fields are marked *