၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၅)ရက် ။
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင် အရပ်သားများသာ ခိုလှုံနေထိုင်ကြသည့် ဆောင်းဖွေးကျေးရွာရှိ လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား ဧပြီလ (၂၅)ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါသည်။
အဆိုပါ ဆောင်းဖွေးကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာဒေသမဟုတ်ဘဲ ဒေသခံရွာသားများအပြင် စစ်ဘေးရှောင်အရပ်သားများ ခိုလှုံနေထိုင်ကြသည့် နေရာသာဖြစ်ပြီး စစ်ကောင်စီမှ အကြောင်းမဲ့ ဂျက်လေယာဥ်ဖြင့် လာရောက်၍ ဗုံးကျဲ ၊ ပစ်ခက်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေနေရှိပြီး ဆေးပေးခန်း အဆောက်အဦး (၂)လုံး ၊ ဆေးခန်းတွင်းရှိ ကုသရေးဆိုင်ရာ ဆေးပစ္စည်းများ ၊ ဆိုင်ကယ် နှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ပါသည်။
ဆောင်းဖွေးကျေးရွာရှိိ ဆေးပေးခန်းမှာ ကျေးရွာဒေသခံလူထုများနှင့် စစ်ဘေးရှောင်အရပ်သားများအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ ကိုယ်ထူကိုယ်ထ ကျန်းမာရေး စောင့်ရှောက်မှု များပေးနေသည့် နေရာသာဖြစ်ပါသည်။
ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့ ညပိုင်းအချိန်တွင်လည်း ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာ အနီးသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး (၂) လုံး လာရောက်ကျဲချသွားပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။
အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲများအတွင်း နေ့စဥ်နီးပါး လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများရှိနေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများသာ နေထိုင် ခိုလှုံကြရသည့် နေရာများကိုပါ ရန်သူသဖွယ် သတ်မှတ်ကာ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ စစ်ရာဇဝတ်မှု့များကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လျှက်ရှိပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။
Leave a Reply