၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၈)ရက် ။
ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ထိတွေ့တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေခဲ့သလို မိုးဗြဲမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။
ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊ ကရင်နီတပ်ပေါင်းစု၊ KGZ ၊ KRU ၊ URF တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။
အဆိုပါ ချေမှုန်းရေးတိုက်ပွဲအတွင်း စစ်ကောင်စီ ဖက်မှ (၃၀)ဦးနှင့်အထက် သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၂)လက် ၊ MA-4 ၇၉တွဲ (၁)လက် ၊ MG-3 (၁)လက် ၊ RPG 7 (၁)လက် ၊ 60MM စိန်ပြောင်း (၁)လက် ၊ ဆက်သွယ်ရေးစက် (၂)လုံး နှင့် ဆက်စပ် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့ပါသည်။
အထက်ပါ တိုက်ပွဲအတွင်း KNDF B/11 မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်အား မိမိတို့ KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ လေးစားမှတ်တမ်းတင်အပ်ပါသည်။
ထို့အတူ ဧပြီလ (၂၆)ရက်နေ့ မနက်ပိုင်းတွင်လည်း မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
ထိတွေ့တိုက်ပွဲမှာ နံနက် (၆)နာရီမှ (၁၀)နာရီထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြု၍ပစ်ကူပေးခဲ့သလို ဂျက်ဖိုက်တာဖြင့် (၄)ကြိမ်ခန့် လာရောက် ပစ်ကူပေးခဲ့ပြီး တိုက်ပွဲအတွင်း မိမိတို့တပ်ပေါင်းစု၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးသေဆုံးကာ (၂)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ MA – 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်း သိမ်းဆည်းရရှိခဲ့ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ် တိုက်ပွဲများအတွင်း ဧပြီလ (၂၅)ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မြောက်စလုံးကျေးရွာ မှ တောင်မဲသင်းကျေးရွာဖက်သို့ ဆုပ်ခွာ၍ တပ်စွဲထားပြီး လက်ရှိချိန်ထိ မိမိတို့တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေး တင်းမာနေဆဲဖြစ်ပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။
Leave a Reply