ဧပြီလ တစ်လတာ စစ်ရေးသတင်း အနှစ်ချုပ်ထုတ်ပြန်ချက် ။

စာအမှတ် – KNDF/၁/၂၀၂၃(၀၁၂)
၂၀၂၃ ခုနှစ် ၊ မေလ (၃)ရက်။

​ ​ဧပြီလအတွင်း ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းများ ထိုးလျက် ရှိပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲ နှင့် ဒီးမော့ဆိုမြို့နယ်စစ်မျက်နှာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဝေဟင်မှ အသာစီးဖြင့် တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များအသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ၄င်းတို့သာ အထိနာလျက်ရှိ ပါသည်။
​၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ယနေ့အထိ ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ် အနောက် ကယန်းဒေသဘက်သို့ အကြမ်းဖက်သောနည်းလမ်းဖြင့် နယ်မြေရှင်းလင်းရန် ရည်ရွယ်ထားသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ စစ်ကြောင်းထိုးခဲ့ရာ တောင်မဲတင်းနှင့် မြောက်စလုံးအထိ ရောက်ရှိခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန် ခုခံတိုက်ခိုက်လျက် ရှိပါသည်။ ရှမ်း-ကယားနယ်စပ်ရှိ ကျေးရွာများနှင့် မိုးဗြဲမြို့အနီးဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး သေဆုံးခဲ့ပါသည်။ ထို့အတူ ဧပြီလအတွင်း ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော် သေဆုံးခဲ့သဖြင့် တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင်၊ ဖယ်ခုံမြို့အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများ အဆမတန်ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
​အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဘောလခဲနှင့်ဖားဆောင်းမြို့နယ်များအား လွိုင်ကော်မြို့နယ်မှ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းရာတွင် အရေးပါသော လွိုင်ကော်-ဒီးမော့ဆိုမြို့-ဘောလခဲ လမ်းပိုင်းအား ထိန်းချုပ်နိုင်ရန် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်တို့မှ စစ်မျက်နှာစာ နှစ်ဖက်ညပ်ပြီး စစ်ကြောင်းထိုးလျက်ရှိပါသည်။ လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်မှ တဆင့် ဒေါတငူး နှင့် တနီးလားလဲကျေးရွာရှိ တောင်ကြောများပေါ်အထိ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်းတပ်များမှ နှစ်လကျော်ကြာ ခုခံတိုက်ခိုက်လျက်ရှိပါသည်။
စစ်ကောင်စီတပ်များသည် ဘောလခဲမြို့နယ်မှ ဒီးမော့ဆိုမြို့နယ် ဒေါညေးခူရွာ သို့ စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်သဖြင့်၊ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်း (၃)ကြောင်းလုံး ဖယိုဖရဲဖြစ်ခဲ့ရပြီး ဘောလခဲမှမြို့နယ်မှ စစ်ကူများ ထပ်မံဖြည့်တင်းတိုက်ခိုက်လျက်ရှိပါသည်။ ထို့အတူ ဘောလခဲမြို့နယ်မှ ဒီးမော့ဆိုမြို့နယ်သို့ စစ်ကူသွားသော စစ်ကောင်စီတပ်၏ စစ်ကြောင်းများကိုလည်း ကရင်နီပူးပေါင်းတပ်များမှ ဖြတ်တောက်တိုက်ခိုက်ခဲ့ပါသည်။
လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတလျှောက် တပ်စွဲထားသော စစ်ကောင်စီ၏ ကင်းပုန်းစခန်းများနှင့် ကင်းစခန်းများအား KNDF မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်များထိခိုက်မှုများရှိခဲ့ပါသည် ရှားတောမြို့နယ် ပွန်ချောင်း ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းအား KNDF မှ ရှောင်တခင်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိခဲ့ပါသည်။ ထို့အပြင် စစ်ကောင်စီတပ်များသည် ရှားတောမြို့နယ်အတွင်း ရှမ်းပြည်နယ် နယ်စပ်မှတဆင့် သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုး လျက်ရှိပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်အားခုခံတိုက်ခိုက်ရင်း ပင်လောင်း-ဖယ်ခုံနယ်စပ် မြောက်စလုံးတိုက်ပွဲအတွင်း KNDF/B02 မှ ရဲဘော်တစ်ဦးနှင့် KNDF/B11 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပါသည်။ ထို့အတူ ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာအနီးရှိ တောင်ပေါ်တွင်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ရင်း KNDF/B06 မှ ရဲဘော်တစ်ဦး ရဲရင့်စွာ ကျဆုံးခဲ့ရပါသည်။ အထက်ပါတိုက်ပွဲများအတွင်း ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားသော ရဲဘော် (၃) ဦးအား KNDF မှ ကရင်နီအမျိုးသား အာဇာနည်အဖြစ် မှတ်တမ်းတင် အလေးပြုပါသည်။
ဧပြီလအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်းပိုင်း ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၇၀)ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီး​(​၇)လက်၊ လက်နက်ငယ်(၅၂)လက် နှင့် ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်များမှ သိမ်းဆည်း ရမိခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်မျက်နှာအသီးသီးတွင် ထိခိုက်ကျဆုံးမှုများပြားလျက်ရှိသဖြင့် ဧပြီလ အတွင်း လေကြောင်းဖြင့်(၁၀၈) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပါသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦး သေဆုံးကာ (၅)​ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးကာ(၆)ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီများ၏ ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၁) ဦးသေဆုံးခဲ့ရပါသည်။ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ်ပေါင်း (၂၀)ကျော်ပျက်စီးခဲ့ရပြီး ပြည်သူ့ဆေးရုံ နှင့် ကိုယ်ထူကိုယ်ထ ဆေးရုံ (၂) ရုံ၊ ကျေးရွာ ဆေးပေးခန်း (၂) ခန်း ထိခိုက်ပျက်စီးခဲ့ရပါသည်။ ထိုအတူ လက်နက်ကြီး ကျရောက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပါသည်။ တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ စစ်သုံ့ပန်း (၃) ဦးဖမ်းရမိခဲ့ပါသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်စခန်းများနှင့် လူထုအခြေပြု ဆေးရုံ၊ ဆေးခန်းများကို လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။
ဆက်သွယ်ရန်။ ၊၀၉၇၈၈၅၄၅၂၇၃၊၀၉၇၇၇၉၆၁၇၃၁၊၀၉၄၀၂၀၅၃၇၃၅။


Leave a Reply

Your email address will not be published. Required fields are marked *