စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၆)
၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ (၅)ရက်။
ဇွန်လ တစ်လတာအတွင်း ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကာ၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။
ဇွန်လ(၅)ရက်နေ့မှစ၍ မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ မြို့တွင်း နေရာအနှံ့တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့ KNDF နှင့်အတူ မိုးဗြဲPDF၊ လွိုင်ကော်PDF၊ URF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်လတာအတွင်း တိုက်ပွဲပေါင်း(၆)ကြိမ်ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ ပါသည်။ ထို့အတူ ဖယ်ခုံမြို့နယ်အတွင်းရှိ နေရာတချို့တွင်လည်း ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သလို မိုးဗြဲမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ တိုက်လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦများ ထိခိုက်ပျက်ဆီးမှုရှိခဲ့ပြီး စာရင်းအတိအကျအား ပြုစုနေဆဲဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များမှာ မိုးဗြဲမြို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်တွင် မိမိတို့ကနဦးစုစည်းထားသော အချက်အလက်များအရ အရပ်သားပြည်သူ(၂၃)ဦးအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ သတ်ဖြတ်ခံရသူများထဲတွင် အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၃)ဦး နှင့် အသက်(၁၀)နှစ် ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးတို့ပါ ပါဝင်ပြီး ပျောက်ဆုံးနေသူနှင့် ရုပ်အလောင်းများ မရရှိသေးသည့် အရပ်သားပြည်သူများလည်း ရှိနေသေးကာ မိုးဗြဲမြို့နေရာအနှံ့တွင် စစ်ကောင်စီမှ တပ်စွဲထားလျက်ရှိပါသည်။
ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KA၊ KNDF၊ မိတ်ဖက်ပူးပေါင်းတပ်များအကြား လွိုင်ကော်မြို့နယ်တွင် တိုက်ပွဲ(၇)ကြိမ်၊ ရှားတောမြို့နယ်တွင်(၁)ကြိမ်၊ ဖရူဆိုမြို့နယ်တွင်(၄)ကြိမ် နှင့် ဒီးမော့ဆိုမြို့နယ်တွင်(၅)ကြိမ်ခန့်အထိ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ဇွန်လ(၁၃)ရက်နေ့မှစ၍ ရက်သတ္တပတ်အတွင်း မယ်စဲ့မြို့နယ် အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏တပ်စခန်းများဖြစ်သော BP-13စခန်း၊ BP-14စခန်း၊ BP-15 ရှိ မယ်တနွယ် တပ်စခန်း၊ BP-16 ရှိ တောင်လှတပ်စခန်းတို့နှင့် မယ်စဲ့မြို့မရဲစခန်း၊ ဗျူဟာကုန်းတပ်စခန်းတို့အား KA ၊ ကလလတ ၊ မိမိတို့ KNDF နှင့်အတူ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီး/ငယ် များစွာနှင့် ခဲယမ်းမီးကျောက်အမြောက်အများတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ ဇွန်လ(၂၄)ရက်နေ့မှ စ၍ စစ်ကောင်စီတပ်များသည် ဘောလခဲမြို့မှ စစ်ကောင်း(၂)ကြောင်းခွဲကာ ရွာသစ်မြို့သို့ဦးတည်၍ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ရွာသစ်-ဘောလခဲ လမ်းတလျှောက်တွင် စစ်ကောင်စီတပ်များနှင့် KA ၊ ကလလတ ၊ ဘောလခဲPDF ၊ KNDF တို့ကြား (၄)ရက်ကျော်ကြာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ ရွာသစ်မြို့အတွင်းသို့ ဝင်ရောက်ကာ တပ်စွဲထားခဲ့ပါသည်။
ဇွန်လ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၅၀)နီးပါးအား မိမိတို့တပ်ပေါင်းစုများမှ သုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းပစ်ကူများ နှင့် လက်နက်ကြီးပစ်ကူများအား အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့ပါသည်။
ဇွန်လအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအား ရင်ဆိုင်တိုက်ခိုက်ရင်း KNDF/B-03 မှ ရဲဘော် မောင်ဒို နှင့် ရဲဘော်ရှိုင်းဝဏ္ဏအောင်၊ KNDF/CDM ဌာနမှ ရဲဘော်သားသား တို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်(၃)ဦးတို့အား အာဇာနည်သူရဲကောင်းများအဖြစ် KNDF မှ အစဉ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။
ဇွန်လ တစ်လတာအတွင်း ကရင်နီပြည်နယ်အတွင်း နှင့် မိုးဗြဲမြို့တို့တွင် အရပ်သားပြည်သူ(၃၃)ဦး ထိခိုက်သေဆုံး ခဲ့ရပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးထိမှန်မှုကြောင့် မိုးဗြဲမြို့တွင်(၃)ဦး၊ ဘောလခဲမြို့နယ်တွင်(၁)ဦး၊ လွိုင်ကော်မြို့နယ်တွင်(၁)ဦး သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင်(၁)ဦး နှင့် ဖားဆောင်း မြို့နယ်တွင်(၄)ဦး သေဆုံးခဲ့ရသလို မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်စဉ် သတ်ဖြတ်ခဲ့ သည့် ရုပ်အလောင်းတွေ့ရှိချက်စာရင်းများအရ အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၃)ဦး နှင့် အသက်(၁၀)နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးတို့အား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ စစ်ကောင်စီမှ စစ်ရာဇဝတ်မှုများအား ကျူးလွန်ခဲ့ ပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန် – ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၇၇ ၉၆၁ ၇၃၁ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈
Leave a Reply