လွိုင်ကော် -မိုးဗြဲ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ။

စာအမှတ် – KNDF/၁/၂၀၂၃(၀၁၇)
၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၃၁)ရက်။


ကရင်နီပြည်၏ အဓိက အဝင်အထွက် လမ်းမကြီးတစ်ခုဖြစ်သော လွိုင်ကော် – မိုးဗြဲ လမ်းမကြီး တစ်လျှောက်တွင် ဇူလိုင်လ (၂၀) ရက်နေ့မှစ၍ စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များနှင့် ဇူလိုင်လ (၂၈) ရက်နေ့ထိ အထက်ပါ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပါသည်။


ဇူလိုင်လ (၂၄) ရက်နေ့ နှင့် (၂၅) ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာ ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ နှင့် မိုးဗြဲဖက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဖက်သို့ ဝင်ရောက် ခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား KA၊ KNDF B/02 ၊ KNDF B/14 ၊ KNDF B/12 ၊ KNDF ETD နှင့် Loikaw PDF တို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ပြီး နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၅) လက် ၊ MA-2 စက်ကလေး (၁)လက် ၊ MA-3 (၂)လက် အပါအဝင် ဆက်စပ် ခဲယမ်းမီးကျောက်များ နှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သလို စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီး နိုင်ခဲ့ပါသည်။
ထို့အတူ စစ်ကောင်စီတပ်များမှာ ဖယ်ခုံ – မိုးဗြဲ လမ်းမကြီးမှ တစ်ဆင့် လွိုင်ကော်သို့ ဦးတည်၍ စစ်ယာဥ်တန်း ကားများဖြင့် အင်အားဖြည့် ဝင်ရောက်ခဲ့ရာတွင်လည်း မိုးဗြဲမြို့အထွက် လမ်းမကြီးတစ်လျှောက်တွင် KNDF B/03 နှင့်အတူ မိတ်ဖက်တပ်ဖွဲ့များမှ ကြားဖြတ်၍ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။


ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီတပ်များမှ ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းမကြီးအားအသုံးပြု၍ စစ်ယာဥ်တန်းကားများ အပြင် အရပ်သားကားများအား အသွင်ယူ၍ အသုံးပြုကာ ဝင်ရောက်ခဲ့ပြီး အထက်ပါ လမ်းမကြီးတစ်လျှောက် မိမိတို့ ကရင်နီပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ရပါသည်။
လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှားမှုများ ဆက်၍ ပြုလုပ်လျက် ရှိနေသေးသောကြောင့် မိမိတို့ ပူးပေါင်းတပ်များနှင့် ထိတွေ့မှုများရှိနိုင်သည့်အတွက် အထက်ပါ လမ်းမကြီးအား အသုံးပြု၍ သွားလာနေကြသော မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာဖြင့် မိမိလုံခြုံရေးအား အလေးထား သွားလာကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန် – ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၇၇ ၉၆၁ ၇၃၁ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈


Leave a Reply

Your email address will not be published. Required fields are marked *