ဇူလိုင်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း

စာအမှတ် – KNDF/၁/၂၀၂၃(၀၁၈)
၂၀၂၃ ခုနှစ် ၊ သြဂုတ်လ(၅)ရက်။

၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း အကြမ်းစစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ်ရှိတပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရုံးခဲ့ရသည့်နောက် ကရင်နီပြည်အတွင်းသို့ စစ်ဆင်ရေးအရှိန်မြင့်တင်ရန်အတွက် လူသူလက်နက်ခဲယမ်းနှင့် စက်သွယ်ရေးစက်များပါဝင်သော စစ်ကား အစီး(၁၀၀)ကျော်ပါ ယာဥ်တန်းကို လွိုင်ကော်မြို့နယ်အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့ပါသည်။ ကရင်နီပြည်အတွင်း စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်သည် အထိနာလျက်ရှိပြီး လက်နက်ခဲယမ်း ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် စစ်ကောင်စီမှ အပြင်းအထန် ကြိုးစားနေပါသည်။

ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်ကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဥ်တန်းအား လွိုင်ကော်မြို့အနီးတွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကား(၃)စီး ပျက်စီးခဲ့ပါသည်။ ထို့အတူ အဆိုပါယာဥ်တန်း များအား လုံခြုံရေးယူပေးရန်အတွက် လွိုင်ကော်မြို့မှ ထွက်လာသော စစ်ကောင်စီလှုပ်ရှားတပ်များကို ကရင်နီ ပူးပေါင်းတပ်များမှ ခြေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး ထက်မနည်း သေဆုံးခဲ့ပါသည်။

ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား အနီးတွင် မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးစစ်ကြောင်းထိုးနေသာ အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန်ခုခံတိုက်ခိုက်လျက်ရှိပါသည်။ ထို့အပြင် မယ်စဲ့မြို့နယ်ရှိ ပန်တိန်း နယ်ခြားစောင့်စခန်းတွင် ရဟတ်ယာဥ်ဖြစ်တပ်စွဲထားသော စစ်ကောင်စီတပ်များ ကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ အဆက်မပြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင်လည်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လျက်ရှိသဖြင့် ကရင်နီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပါသည်။ စစ်ကောင်စီတပ်များသည် ရွာသစ်မြို့အတွင်းသို့ ဝင်ရောက် တပ်စွဲကာ အရပ်သားပြည်သူ (၃၀၀) ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားပါသည်။

ကရင်ပြည်နယ်သံတောင်မြို့နယ် ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များနှင့်အတူ KNDF မှ ပါဝင်တိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီတပ်၏ အဆမတန် လေကြောင်းပစ်ကူများအသုံးပြုမှုနှင့် အင်အား အမြောက်အများ ဖြည့်တင်းမှုကြောင့် ယာဒိုကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကရင်နီပူးပေါင်းတပ် များမှ စစ်ကောင်စီတပ်များအား အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိပါသည်။

ဇူလိုင်လတစ်လတာအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှာ (၃၃)ကြိမ် ရှိခဲ့ပါသည်။ အထက်ပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၄)ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် (၈) လက်နှင့် ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့သည့်အပြင် သုံ့ပမ်း(၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ထို့အတူ ဇူလိုင်လ တစ်လတာအတွင်း စစ်ကောင်စီတပ်မှ လေကြာင်းတိုက်ခိုက်မှု (၄၂) ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် (၁၁)အရွယ် ကလေး (၁)ဦး အပါအဝင် ပြည်သူ (၄)ဦးသေဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရခဲ့ပါသည်။ ထို့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးကာ၊ (၁၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်မှုကြောင့်လည်း အပြစ်မဲ့အရပ်သားပြည်သူ (၇)ဦး သေဆုံးခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်တိုက်ခိုက်မှုတို့ကြောင့် ဇူလိုင်လ အတွင်း လူနေအိမ် (၁၃) လုံးပျက်စီးခဲ့ကာ၊ ဘာသာရေးအဆောက်အဦ (၂)လုံး အပါအဝင် ဆေးပေးခန်း (၁)ခန်း နှင့် စာသင်ကျောင်း (၂) ကျောင်းတို့လည်း ထိခိုက်ပျက်စီး ခဲ့ရပါသည်။

၂၀၂၃ခုနှစ် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော်နှစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ဇူလိုင်လအတွင်း ကျဆုံးသွားသော ရဲဘော် (၂)ဦးနှင့် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ အားလုံးကို KNDF မှ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင် အလေးပြုပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန် – ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈


Leave a Reply

Your email address will not be published. Required fields are marked *