ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း။

၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၈)ရက်။ 

ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား သြဂုတ်လ (၁၂) ရက်နေ့ ည (၈)နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ 

ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီမှ  တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအဆောက်အဦအပြင် ဘုရားကျောင်းဝန်း အတွင်းရှိ အခြားအဆောက်အဦများ အပါအဝင် ခြံစည်းရိုးအုတ်တံတိုင်းများလည်း ထိခိုက်ပျက်ဆီးခဲ့ရပါသည်။မြေပြင်စစ်ရေးအခြေနေအရ ယခုအချိန်မှသာ မှတ်တမ်းယူ ထုတ်ပြန်ပေးရခြင်း ဖြစ်ပါသည်။ 

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းများနှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ (၂)ရက်နေ့မှစ၍  (၁၄) ရက်နေ့အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာသစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။ 

အထက်ဖော်ပြပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်၍ မိဘပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာသွားလာနေထိုင် ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။


Leave a Reply

Your email address will not be published. Required fields are marked *