ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ခြင်း

၂၀၂၃ ခုနှစ် ၊ သြဂုတ်လ(၁၉)ရက်။

ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သြဂုတ်လ(၂)ရက်နေ့ မှစ၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်များ နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား သြဂုတ်လ (၁၄) ရက်နေ့ထိ နှစ်ပတ်တာ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် တပ်မ (၅၅) လက်အောက်ခံ တပ်များဖြစ်သည့် ခမရ (၁၁၂)၊ ခလရ (၃) တပ်များအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ နှစ်ပတ်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပါသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားခဲ့ပြီး သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများ နှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိ ခဲ့ပါသည်။

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လက်ရှိအချိန်ထိ အထက်ဖော်ပြပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် စစ်ကောင်စီတပ်များနှင့် မိမိတို့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သောကြောင့် အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်၍ မိဘပြည်သူများအနေဖြင့် ဖြတ်သန်းသွားခြင်းများမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

အထက်ပါ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များအား ချေမှုန်းတိုက်ခိုက်ရင်း ကရင်နီတပ်မတော်(KA)မှ ဒုဗိုလ်တစ်ဦး၊ KNDF/B-04 မှ ရဲဘော်တစ်ဦး နှင့် KNDF/B-19 မှ ရဲဘော်တစ်ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်တို့အား ကရင်နီပြည်အာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။

ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်သို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစု ဖြစ်သော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ညီညွတ်စွာ ခုခံတိုက်ခိုက်ခဲ့ပါသည်။ ကရင်နီပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်လာသည်နှင့်အလျောက် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ညီညွတ်မှုနှင့် အမိန့်ပေးကွပ်ကဲမှုတစ်ခုထဲဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင် သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဆက်သွယ်ရန် – ၀၉ ၇၉၅ ၉၄၆ ၁၆၆


Leave a Reply

Your email address will not be published. Required fields are marked *