၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၄) ရက် ။
ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများအား စက်တင်ဘာ(၂) ရက်နေ့တွင် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း၍ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။
သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ၍ ခြေကုပ်ယူထားသော စစ်ကောင်စီ၏ တပ်စခန်းများအားနံနက် (၅) နာရီခွဲအချိန်မှစ၍ ကရင်နီတပ်မတော်(KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၊ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ၊ အလယ်ပိုင်းတိုင်း – ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းဝင်ရောက်၍ ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။
ထိတွေ့တိုက်ပွဲများမှာ နံနက် (၅) နာရီခွဲအချိန်မှစ၍ (၉)နာရီခွဲအထိ ကြာမြင့်ခဲ့ကာ အထက်ပါနေရာများတွင် တပ်စွဲထားခဲ့သည့်စစ်ကောင်စီ၏ စကခ(၂) လက်အောက်ခံ၊ ခလရ (၉)မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင်မှာလည်း လက်အောက်ရှိ အရာရှိများနှင့် တပ်သားများအား အသေခံ၍ ခံပစ်ခိုင်းကာ ၎င်းမှာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်မှာမိမိတို့တပ်ပေါင်းစု၏ ချေမှုန်းသုတ်သင်ခြင်းခံခဲ့ရပါသည်။
ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူများပြားပြီး ထိတွေ့မှုများအတွင်း ဦးတည်ရာမဲ့ထွက်ပြေးနေသူများလည်း ရှိပါသည်။ တိုက်ပွဲများအတွင်း မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါသည်။ အထက်ပါ စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့များထံမှ လက်နက်ငယ်မျိုးစုံ (၁၅)လက် ၊ (၆၀) မမ ပြောင်း (၂) လက် ၊ RPG-7 (၁)လက် ၊ငါးကြင်းမြီး (၁ )လက် ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ ကျည်ဆံများ ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင်လည်း သေးဆူလဲ ၊ပူဖားကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွါးလျက်ရှိပါသည်။
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုးနေသော စစ်ကြောင်းများအပြင် ကျေးရွာများအတွင်း ခြေကုပ်ယူတပ်စွဲနေသော တပ်စခန်းများအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ စည်းလုံးညီညွတ်စွာဖြင့် ခုခံစစ်၊ တန်ပြန်ထိုးစစ်များအားဖော်ဆောင်၍ အောင်မြင်မှုများ ရရှိအောင် ကြိုးစားလျှက်ရှိပြီး နောင်လာမည့်တိုက်ပွဲများတွင်လည်း ညီညွတ်မှုနှင့် အမိန့်ပေးကွက်ကဲမှုတစ်ခုတည်းဖြင့် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်ထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတူတကွထုတ်ပြန်အပ်ပါသည်။
မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများမှ ဆိုရှယ်မီဒီယာအသုံးပြုသော တော်လှန်ပြည်သူများ ၊ သတင်းမီဒီယာဌာနများ နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအားအထူးတောင်းဆိုသည်မှာ မြေပြင်တိုက်ပွဲများတွင် စစ်ရေးသတင်းအချက်အလက်များအား သတင်းဦး၊ သတင်းထူးအတွက်သာရှေးရှု၍ မြေပြင်စစ်ရေးလုပ်ဆောင်ချက်များအား မိမိတို့မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘဲ အစောတစ်လျှင်တင်ကြခြင်းမပြုလုပ်ကြရန် ၊ မြေပြင်တပ်ဖွဲ့များ၏ စစ်ရေးလုပ်ငန်းဆောင်တာများအား အချိန်မတန်မီရန်သူအားသတင်းအချက်အလက် အစောတလျှင်သိစေနိုင်သည့် စစ်ရေးသတင်းအချက်အလက်များ ၊ နယ်မြေသတင်းအချက်အလက်များအား ရေးသား ဖြန့်ဝေကြခြင်းမပြုလုပ်ကြပါရန် နှင့် စစ်ရေးသတင်းများမှာ အခြားသတင်းများနှင့် မတူညီဘဲမြေပြင်အတွက် ငဲ့ညှာ၍ ကျင့်ဝတ်စည်းမျဥ်းများအား စောင့်ထိန်း၍ ကူညီပေးကြရန် အထူးတောင်းဆိုအပ်ပါသည်။
ဆက်သွယ်ရန် ။ ၀၉ ၇၉၅ ၉၄၆ ၆၁၆။
Leave a Reply