ဩဂုတ်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း

စာအမှတ် – KNDF/၁/၂၀၂၃(၀၁၉)

၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၅)ရက်။

   ဩဂုတ်လ(၂)ရက်နေ့ မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီး အား ထိန်းချုပ်နိုင်ရေးအတွက် ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြားရှိ ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ၊ ယာ ရှိ ကျေးရွာများသို့အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီတပ်၏ တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းများသည်စစ်ကြောင်း(၃)ကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာမှ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာ နှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့်နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ဒီးမော့ဆို နှင့် ဖရူဆို စစ်မျက်နှာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ထိခိုက်ကျဆုံးမှုများ များပြားခဲ့ သဖြင့် တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းဖြင့်လည်း တိုက်ခိုက်ခဲ့ပါသည်။

   မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ဖားဆောင်းမြို့နယ်ဘက်မှ အပြင်းအထန်စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များသည် ပန်တိန်းကျေးရွာနှင့်အနီးတဝိုက်တွင် တန်ပြန် တိုက်ခိုက်လျက်ရှိပါသည်။ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာသော စစ်ကောင်စီ လှုပ်ရှားတပ်များနှင့် လုံခြုံရေးတပ်များကို ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့သည့်အပြင်၊ ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကျက်တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်းတပ်များမှ အဆက်မပြတ် ချုံခိုတိုက်ခိုက်လျက်ရှိပါသည်။

   ဩဂုတ်လအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှ အကြိမ်ရေ(၅၀)ခန့် ရှိခဲ့ပါသည်။အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၁၀)ဦး သေဆုံးခဲ့ပြီး၊ (၄၀)ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။ အထက်ပါတိုက်ပွဲများအတွင်း စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ငယ်(၁၅)လက် နှင့် လက်နက်ကြီး(၁)လက် အပါအဝင် ဆက်စပ်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါသည်။

   ဩဂုတ်လအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု(၄၅)ကြိမ် ပြုလုပ်ခဲ့ပြီး၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦး သေဆုံးခဲ့ရပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း ပြည်သူ(၂)ဦး ထပ်မံ သေဆုံးခဲ့ရပါသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ DRONE ဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ကလေးငယ်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

   အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဩဂုတ်လအတွင်းလူနေအိမ်(၂၀)လုံး ပျက်ဆီးခဲ့ကာ၊ ခရစ်ယာန်ဘုရားကျောင်း(၁)ကျောင်း နှင့် စာသင်ကျောင်း (၂)ကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါသည်။ ထို့အတူ တိုက်ပွဲဖြစ်ပွားရာကျေးရွာများအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီး မှုကြောင့် လူနေအိမ်(၁၈) လုံး မီးလောင်ပျက်ဆီးခဲ့ပါသည်။

   ဩဂုတ်လအတွင်း ဒီးမော့ဆိုမြို့နယ် စစ်မျက်နှာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှရဲဘော်(၅)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်များကို KNDF မှ အမျိုးသား အာဇာနည်ရဲဘော်များအဖြစ်သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ဆက်သွယ်ရန် – ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈


Leave a Reply

Your email address will not be published. Required fields are marked *