၂၀၂၃ ခုနှစ် ၊ စက်တင်ဘာ (၂၅) ရက် ။
ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ်တွင်းရှိ စစ်ကောင်စီ၏ စစ်ကြောင်းများမှ အထိုင်ချတပ်စွဲ သွားခဲ့သော လောကျေခူရွာဟောင်း သို့ ဒေသခံအမျိုးသမီးတစ်ဦးမှ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ကျေးရွာတွင်း ဝင်ရောက်ကာ နေအိမ်ပြန်ကြည့်စဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ရပါသည်။
လောကျေခူရွာဟောင်း ကျေးရွာအတွင်း သို့ အသက် (၅၀) ဝန်ကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦးမှာ စက်တင်ဘာလ (၂၄) ရက်နေ့၌ ရွာအတွင်းဝင်ရောက်စဥ် စစ်ကောင်စီတပ်ဖွဲ့များမှ ထောင်ထားခဲ့သော မိုင်းအား နင်းမိခဲ့ကာ ခြေထောက်ပြက်ထွက် ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ပါသည်။
စစ်ကောင်စီ၏ စစ်ကြောင်းများမှာ အထက်ပါ လောကျေခူရွာဟောင်း ကျေးရွာထဲ၌ စက်တင်ဘာလ (၁၀) ရက်နေ့မှစ၍ တစ်ပတ်ကြာ တပ်စွဲသွားခဲ့ပြီး ကျေးရွာအတွင်း မိုင်းများအား နေရာအနှံ့ ထောင်ထားခဲ့ကာ ထိတွေ့တိုက်ပွဲများလည်း ဖရူဆို – ဘောလခဲ လမ်းမကြီး တစ်လျှောက် ယနေ့ထိ ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။
အထက်ပါ အခြေနေများအပြင် ဖရူဆို- ဘောလခဲလမ်းမကြီး တစ်လျှောက်ရှိ စစ်ကောင်စီ၏ စစ်ကြောင်းများမှ တပ်စွဲဝင်ရောက်ခဲ့သော ကျေးရွာများအတွင်း မြေပြင်အခြေအနေအရ မိုင်းများအား ရှင်းလင်းခြင်း ၊ နယ်မြေရှင်းလင်းခြင်းများ မပြုလုပ်နိုင်သေးလို တိုက်ပွဲများလည်း ဆက်၍ ဖြစ်နေသည့် အခြေနေများကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ခြင်း ၊ နေအိမ်ပြန်ကြည့်ခြင်းများ လုံးဝမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။
KNDF ဗဟိုနှင့်သတင်းပြန်ကြားရေးဌာန။
Leave a Reply