စာအမှတ် – KNDF/၁/၂၀၂၃ (၀၂၀)
၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၃)ရက်။
ကရင်နီပြည်အတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ မှ စက်တင်ဘာလ အထိ စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနိုင်ရေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို နှင့် ဘောလခဲမြို့နယ် တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပါသည်။ စက်တင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ယာဥ်တန်းများ သည် ဒီးမော့ဆိုမြို့နယ် မှဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါသည်။
စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း ၄င်းတို့၏ ထောက်ပို့ယဥ်တန်းများ ဖြတ်သန်းနိုင်ရန်အတွက် လမ်းမကြီးအားထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပါသည်။ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲ ကျေးရွာများအထိ အနည်းဆုံးစစ်ကြောင်း(၆)ဖြင့် စစ်ကြောင်း ထိုးခဲ့ပါသည်။
အဆိုပါကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များသည် စက်တင်ဘာလ ဒုတိယအပတ်မှစ၍ တစ်လလုံးနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သဖြင့်နန်းဖဲ၊ ပရယ်တော် နှင့် ထားလဲကျေးရွာ တို့အား စစ်ကောင်စီမှ တိုက်လေယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီထပ်ထံမှ လက်နက်ခဲယမ်း အချို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှသိမ်းဆည်းရမိခဲ့ပါသည်။ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီတပ်၏ထောက်ပို့ယာဥ်တန်း ကားအစီးရေ(၆၀) စီးခန့် သည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုမှ ဘောလခဲမြို့နယ်သို့ ဖြတ်သန်းနိုင်ခြင်း မရှိသေးပါ။
လွိုင်ကော်မြို့နယ်အတွင်းတွင်လည်း ရှမ်းပြည်နယ်မှ လွိုင်ကော်မြို့သို့ ဝင်ရောက်လာသော စစ်ကောင်တပ်၏ ယာဥ်တန်း (၆) စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပါသည်။ ထို့အတူ လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏စစ်ဆေးရေးစခန်းများကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပါသည်။
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီမှ (၂)နှစ်နီးပါးကြာ ခြေကုပ်ယူတပ်စွဲထားသော ပူဖား နှင့် သေးဆူလဲ ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်များကို စက်တင်ဘာလ ပထမအပတ်အတွင်း ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက် ခြေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်(၃)ရက်ဆက် လာရောက်တိုက်ခိုက်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း အများအပြားကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှသိမ်းဆည်းရမိခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ BGFစခန်းနှင့်အနီးတဝိုက်တွင် အခိုင်အမာ ခြေကုပ်ယူတပ်ဆွဲလျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ် သို့ ပြန်လည်ထိုးဖောက် သိမ်းပိုက်နိုင်ရေး၊ လူသူလက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေးအတွက် ဖရူဆို နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးလျက်ရှိပါသည်။
လွိုင်ကော်မြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သောနေရာများဖြစ်သည့် စစ်ရှောင်စခန်းများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
စက်တင်ဘာလအတွင်း KNDFသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း(၂၉)ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပါသည်။ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်(၇၈)ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ကရင်နီပြည်တဝှမ်းဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ထံမှလက်နက်ငယ်(၃၆)လက်၊ လက်နက်ကြီး(၅)လက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းစည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ ကား (၂)စီးကို မီးရှို့ဖျက်စီးခဲ့ပြီး၊ (၁) စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပါသည်။ ထို့အပြင်KNDF မှစစ်သုံ့ပန်း (၅) ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။
စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးခဲ့ပါသည်။ ထို့အတူ စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူ(၁)ဦး သေဆုံးခဲ့ရပါသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံး၊ ကျန်းမာရေးအဆောက်အဦ(၁)လုံး၊ နှင့် ခရစ်ယာန်ဘုရားကျောင်း(၁)ကျောင်း ပျက်စီးခဲ့ရပါသည်။ ထို့အတူ စစ်ကောင်စီတပ်မှ ပစ်ခတ်လာသော လက်နက်ကြီးထိမှန်မှုကြောင့်လည်းနေအိမ်(၂)လုံး ပျက်စီးခဲ့ ပါသည်။
စက်တင်ဘာလအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံ တိုက်ခိုက်ရင်းKNDF မှ ရဲဘော် (၈) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသော အာဇာနည်ရဲဘော်များကို KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်ကျောက်တင်ပြီး အစဥ်အမြဲ အလေးပြုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန် – ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈













Leave a Reply