စာအမှတ် – KNDF/၁/၂၀၂၃(၀၂၁)
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ(၃)ရက်။
ကရင်နီပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်း ပို့ဆောင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသော ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အခြားနေရာများတွင် ထိတွေ့မှုအနည်းငယ်သာ ဖြစ်ပွားခဲ့ပါသည်။
ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းထဲတွင် ဆုံရပ် ထားသော ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရန် လမ်းမကြီးအား ထိန်းချုပ်နိုင်ရေး အတွက် စစ်ကောင်စီမှ ခြေလျင်စစ်ကြောင်း(၆)ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲကျေးရွာများတွင် KA ၊ KNDF တို့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ စစ်ကောင်စီ၏ စစ်ကြောင်းများနှင့် တစ်လတာလုံး ထိတွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။ ဖရူဆိုမြို့နယ် အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းမှ ထောက်ပို့ ယာဉ်တန်း ကား(၄၀)စီးခန့်သည် အောက်တိုဘာလ(၂၁)ရက်နေ့တွင် ပြည်ထောင်စုလမ်းမကြီးအတိုင်း အပြင်းအထန် ထိုးစစ်ဆင်၍ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ခဲ့ပြီး ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်၍ ညတွင်းချင်းပင် အဆိုပါ ယာဉ်တန်းများမှာ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပါသည်။ ထိုသို့ ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် လမ်းလုံခြုံရေးအဖြစ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုး ထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သလို၊ ယာဉ်တန်းများဖြတ်သန်းသွားလာစဉ်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အောက်တိုဘာလအတွင်း အဆိုပါ လမ်းမကြီး တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲပေါင်း (၃၀)ကြိမ်နီးပါး ဖြစ်ပွားခဲ့ပါသည်။
စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဘောလခဲ မြို့သို့ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်နိုင်ရန်အတွက် ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေး ကျောင်းဝန်း အတွင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း ကား(၇၀)ကျော်အနက်မှ ကားအစီးရေ (၄၀)ခန့်သာ ဘောလခဲမြို့သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကားအစီးရေ(၃၀)နီးပါးသည် ယခုအချိန်ထိ ထပ်မံဖြတ်သန်း၍ သွားရောက်နိုင်ခြင်း မရှိသေးပါ။ ဖရူဆို – ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။
အထက်ပါထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင်(၄၀)ကျော် သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး ၎င်းတို့၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါသည်။
အောက်တိုဘာလအတွင်း စစ်ကောင်စီမှ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအား လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် လူနေအိမ်(၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်း နှင့် ဆေးပေးခန်း(၁)လုံး ထိခိုက်ပျက်ဆီးခဲ့ပါသည်။ ထို့အတူ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်(၁၃)လုံး ထိခိုက်ပျက်ဆီးခဲ့ရပြီး အရပ်သားပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိ၍ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါသည်။ အထက်ပါစစ်ကောင်စီ၏ တိုက်ခိုက်ခံရသော နေရာများသည် အရပ်သားပြည်သူ များသာ နေထိုင်လျက်ရှိသော နေရာများသာဖြစ်ပြီး စစ်ရေးပစ်မှတ်မဟုတ်သော လက်နက်မဲ့ပြည်သူများးအား စစ်ကောင်စီမှ ရန်သူသဖွယ်သတ်မှတ်၍ စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။
ထို့အတူ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် ကိုးကန့်(MNT JP/MNDAA)၊ တအောင်း(PSLF/TNLA)၊ ရက္ခိုင်(ULA/AA) တို့မှ ဦးဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး” တွင် မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၏ တပ်ရင်းအမှတ်(၆၀၆) မှလည်း ပူးပေါင်းပါဝင်၍ စခန်းသိမ်းတိုက်ပွဲ များတွင် ပါဝင်တိုက်ခိုက်လျက်ရှိပါသည်။
အောက်တိုဘာလအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီအားခုခံတိုက်ခိုက်ရင်း မိမိတို့ KNDF မှ ရဲဘော်(၄)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ ကျဆုံးသွားသော ရဲဘော်များအား အမျိုးသားအာဇာနည် သူရဲကောင်းများအဖြစ် KNDF မှ သမိုင်းမှတ်ကျောက်တင်ပြီး အစဉ်အမြဲအလေးပြုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန် – ၊ ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈













Leave a Reply