၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၁၀)ရက်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ်တွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိခဲ့ပါသည်။
နိုဝင်ဘာလ (၉) ရက်နေ့ ၊ ညနေ (၃)နာရီကျော် အချိန်ခန့်တွင် လွိုင်ကော်မြို့ နှင့် လောပိတကြားရှိ ကျေးရွာတစ်ရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်း ကျရောက်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် လူငယ်ပိုင်းအရွယ် အမျိုးသမီး (၁)ဦး ထိခိုက်သေဆုံးခဲ့ပါသည်။
ထို့အတူ နိုဝင်ဘာလ (၉) ရက်နေ့ ၊ ည (၁၁:၃၀)နာရီအချိန်တွင် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်းရှိ လူနေအိမ်တစ်လုံးအားထိမှန်ကာ အိမ်ထဲတွင် အိပ်နေသည့် သက်ကြီးရွယ်အို အမျိုးသမီး (၁)ဦး၏ ဦးခေါင်းအား ကျည်ထိမှန်၍ သေဆုံးသွားခဲ့ပါသည်။
ထို့အတူ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နေ့လည် (၁)နာရီကျော် အချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ အနောက်ဖက်ခြမ်း ရှိ အများပြည်သူများ ပုံမှန်နေထိုင်သွားလာနေသည့် လမ်းမကြီးပေါ်နှင့် ဘေးဝဲယာနေရာများအား စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်(၂)စီးဖြင့်၊ (၃) ကြိမ်ခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူမျာထဲမှ တစ်ဦးထိမှန်၍ မစိုးရိမ်ရသော ဒဏ်ရာတချို့ရရှိခဲ့ပါသည်။ တိုက်လေယာဥ် ဖြင့် လာရောက်ပစ်ခတ်မှုပြုလုပ်ပြီးနောက်၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခြင်းများလည်း ဆက်လက်ပြုလုပ်ခဲ့ပါသည်။
စစ်ကောင်စီမှ အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုများသည်၊ နှစ်ဖက်တပ်များ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည့်အချိန် မဟုတ်သလို တိုက်ပွဲဖြစ်ပွါးသည့် နေရာဒေသများနှင့်လည်း ဝေးကွာနေသည့် နေရာများသာ ဖြစ်၍ လက်နက်မဲ့ အရပ်သားပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျှက်ရှိပါသည်။
ကရင်နီပြည်နယ်တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီမှ ဒေသခံများနေထိုင်ရာကျေးရွာများအား ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခက်တိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသလို ထပ်မံ၍လည်း တိုက်ခိုက်မှုများအား ပြုလုပ်နေနိုင်၍ အများပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွာဖြင့် သွားလာကြပါရန်နှင့် လက်နက်ကြီး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်သည့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လုပ်ဆောင်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF





Leave a Reply