၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်။
ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်နေ့တွင် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခု အား ယနေ့တွင် အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့ပါသည်။
စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စသည့် ကျေးရွာဒေသများရှိ တပ်စခန်းများကို ယနေ့ နံနက် (၅) နာရီ အချိန်မှစ၍ မိမိတို့တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များမှ စစ်ကြောင်း (၃) ကြောင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါသည်။
အထက်ပါ စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို ၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဥ်(၂)စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း (၂)ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါသည်။
စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်(၁)စီးအား မိမိတို့ KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်ပါသည်။
ယနေ့တိုက်ခိုက်ခဲ့သော စစ်ကောင်စီ၏ တပ်စခန်းများအား မိမိတို့တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များဖက်မှ အပြီးပြတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူများပြားခဲ့သလို၊ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများလည်း အများအပြားရှိကာ၊ မိမိတို့ဖက်မှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရရှိ ခြင်းများလည်း ရှိပါသည်။ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး ၊ လက်နက်ငယ် မျိုးစုံ (၁၀၀) ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။
ယနေ့တွင် စတင်ခဲ့သည့် မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများ၏ စစ်ဆင်ရေးအား “၁၁.၁၁ စစ်ဆင်ရေး”
(11.11 Operation) ဟု ခေါ်ဆိုမည်ဖြစ်ပြီး စစ်ဆင်ရေးတွင်မိမိတို့ ကရင်နီပြည်နယ်တွင် ညီညွတ်မှုအင်အားဖြင့် အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် အားလုံးနှင့်အတူတကွရှေ့ဆက်၍ တိုက်ပွဲများ ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့(၁၁.၁၁.၂၀၂၃)ရက်နေ့ တွင် စတင်ဖော်ဆောင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) တွင် မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုံဖက်မှ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ရင်း ရဲဘော်တချို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးခဲ့သော ရဲဘော်များအား အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုအပ်ပါသည်။
ယခုကဲ့သို့ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရာတွင် အရပ်သားပြည်သူလူထု နှင့် အဆောက်အဦ ထိခိုက်ပျက်ဆီးမှုများ ရှိလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမည့် အစီအမံများ နှင့် သက်ဆိုင်ရာ ကြိုတင်ပြင်ဆင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ စစ်အာဏာရှင်အား ခုခံတော်လှန်ရသည့် တော်လှန်ရေးအခန်းကဏ္ဍတွင် စစ်အုပ်ချုပ်ရေးယန္တရားများ အခိုင်အမာရှိနေသည့် မြို့ရွာများအပေါ်တွင် စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် တိုက်ပွဲများ ဖော်ဆောင်ရခြင်းအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း နှင့် ရှေ့ဆက်လည်း အတူတကွလက်တွဲကာ ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါသည်။
ဆက်သွယ်ရန် : + ၆၆ ၈၁၂ ၆၀၆ ၁၀၆ (Signal) ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈ ။







Leave a Reply