ကွမ်းလုံမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးတွင် KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ ရဲဘော် (၃)ဦး ကျဆုံး။

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ (၁၃)ရက် ။

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA) ၊ တအောင်း (PSLF / TNLA) ၊ ရက္ခိုင် (ULA/ AA) တို့မှ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး”ကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကွမ်းလုံမြို့အား အပြီးသတ် သိမ်းယူခဲ့သော စစ်ဆင်ရေးတွင် မိမိတို့ KNDF ၏ မြောက်ပိုင်းစစ်ဒေသ အခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှလည်း ပူးပေါင်းပါဝင်၍ တိုက်ခိုက်ခဲ့ပါသည်။

အထက်ပါ ကွမ်းလုံမြို့သိမ်းတိုက်ပွဲများအတွင်း မိမိတို့ KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ မဟာမိတ်တပ်များနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်းများအားသိမ်းပိုက် တိုက်ပွဲဝင်ရင်း တပ်စုမှူး မောင်ဗေဒါ ၊ တပ်စိတ်မှူး မောင်မာနွေးလယ် ၊ တပ်ကြပ်ကြီး မောင်စတီဗင်ဒီဇိုင်း တို့ (၃)ဦးမှာ တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာကျဆုံးခဲ့ရပါသည်။

ကျဆုံးခဲ့ရသော မိမိတို့၏ KNDF တပ်ဖွဲ့ဝင် (၃) ဦးအား လေးနက်စွာအလေးပြု၍ အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် KNDF မှ အစဥ်အမြဲ သမိုင်းမှတ်တမ်းတင်သွားမည်ဖြစ်ပါသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး “တွင် နေ့စဥ်တိုက်ပွဲများ၌ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။

ဓာတ်ပုံ – “၁၀၂၇ စစ်ဆင်ရေး” တွင် ပါဝင်တော်လှန်နေသည့် KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ ရဲဘော်များ။


Leave a Reply

Your email address will not be published. Required fields are marked *