စစ်ကောင်စီတပ်ဖွဲ့ဝင်များ KNDF ထံသို့ ဘက်ပြောင်းခိုလှုံလာခြင်း နှင့် ထွက်ပြေးလွတ်မြောက်လာခြင်း။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း KNDF တပ်ရင်းအမှတ်(၃) လှုပ်ရှားနယ်မြေအတွင်း၌ စစ်ကောင်စီဖက်မှ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသူ (၅)ဦးနှင့် ရှေ့တန်းစစ်မြေပြင်အတွင်း လက်နက်မဲ့ ထွက်ပြေး၍ လွတ်မြောက်လာသူ (တပ်ပြေး) (၈)ဦး တို့အားခေါ်ယူနိုင်ခဲ့ပြီး သက်ဆိုင်ရာဗဟိုဌာနများတွင် လုံခြုံစွာထားရှိ ပါသည်။

ကရင်နီ- ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီ၏ ထိုးစစ်များနှင့်အတူ မိုးဗြဲမြို့တွင် ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာလည်း စစ်မြေပြင်ကိုစွန့်ခွာ၍ မိမိတို့တော်လှန်ရေးတပ်များထံ ထွက်ပြေးခိုလှုံလာမှုလည်းများပြားလာပါသည်။ ပတ်စဥ်အလိုက် ပြည်သူ့စစ်မှုထမ်းများနှင့် ရှေ့တန်းစစ်မျက်နှာ ပြင်မှ ထွက်ပြေးလွတ်မြောက်လာသော ပြည်သူ့စစ်မှုထမ်းတပ်သားများစွာကို မိမိတို့ KNDF မှ လက်ခံရရှိခဲ့ပြီး ကောင်းမွန်လုံခြုံစွာ ထားရှိပါသည်။

စစ်ကောင်စီမှ ပြုလုပ်နေသည့် ထိုးစစ်များနှင့်အတူ ရှေ့တန်းစစ်မြေပြင်တွင် လူအင်အားချည့်နှဲ့လာသော စစ်ကောင်စီသည် ၂၀၂၄ခုနှစ်နှောင်းပိုင်းမှစ၍ အဓမ္မစုဆောင်းထားသော ပြည်သူ့စစ်မူထမ်းများအား စစ်မြေပြင်၏ ရှေ့ဆုံးထိုးစစ်နေရာများတွင် ထုတ်သုံးလာသည်ကို တွေ့ရှိရပါသည်။

ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ ပြည်သူ့စစ်မှုထမ်းများအားလုံးနီးပါးမှာ တပ်ထဲသို့ ဝင်ရန် ဆန္ဒမရှိဘဲ စကစနှင့် ၎င်းတို့၏လက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍ အတင်းအဓမ္မ စုဆောင်း ခြင်းခံရသူများဖြစ်ကြပြီး အသက်မပြည့်သေးသော ကလေးငယ်များလည်းပါဝင်သည်ကို မြေပြင်တွင် တွေ့ရှိရ ပါသည်။

ကရင်နီပြည်နယ်တွင်း စစ်မြေပြင်များသို့ ပို့ဆောင်ခံရသူအများစုမှာ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဘားအံမြို့၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အစရှိသည့်နေရာများ၌ နေထိုင်ကြသူများဖြစ်ကြပြီး (၃)လကြာအခြေခံစစ်သင်တန်းပေး၍ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွတ်ခံရခြင်း ဖြစ်ပါသည်။

မိဘပြည်သူများ၊ လူငယ်များအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ၊တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းများ မခံရစေရန်အတွက် အထူးသတိပြုနေထိုင်ကြပါရန်နှင့် စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာပြင် သို့ ပို့ခံရပါက နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံကြပါရန် အသိပေးအကြံပြုလိုပါသည်။

မိမိတို့ KNDF အနေဖြင့် လူ့အခွင့်အရေးအပေါ် လေးစားမှုအပြည့်အဝထားမှာဖြစ်ပြီး စစ်ကောင်စီ၏ အောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်သားများကို တိုက်တွန်းသတင်းစကားပါးလိုသည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် များဖြစ်သည့် အရာရှိများမှစ၍ အောက်ခြေတပ်သားများထိ စစ်သားများကို မိမိတို့အနေဖြင့် တိုက်ခိုက်လိုခြင်းမရှိဘဲ အာဏာရှင်စနစ်ဆိုးအားကျင့်သုံး၍ နိုင်ငံအပေါ်ကျွန်ပြုလိုသည့် စစ်ခေါင်းဆောင်များအား ဖြုတ်ချနိုင်ရန်အတွက် ဦးတည်၍တော်လှန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးလိုပါသည်။ ထို့ကြောင့် စစ်ကောင်စီ၏ အာဏာရှင်စနစ်ဆိုးအား အမြန်ဖြုတ်ချ၍ ပိုမိုကောင်းမွန်အကျိုးရှိသော စနစ်သစ် ၊ နိုင်ငံသစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့်အတူရပ်တည်၍ ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက်ထားတိုက်တွန်း လိုပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF


Leave a Reply

Your email address will not be published. Required fields are marked *