စက်တင်ဘာလ (၂၃) ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်တွင် ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့်မြို့မရဲစခန်းမှ ရဲအချို့သည် ပြည်သူပိုင်နွားများအား ခိုးယူသတ်ဖြတ်၍ ယူဆောင်လာစဉ် မိမိတို့ KNDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
ယူနီဖောင်းဝတ်အချို့နှင့် အရပ်ဝတ်အချို့ဝတ်ထားသော စစ်ကောင်စီတပ်သားများနှင့် ရဲများအပါအဝင် အင်အား (၁၀) ဦးမှာ ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက်အတွင်း ဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သော နွားများကို ခိုးယူသတ်ဖြတ်ကာ ဆိုင်ကယ်သုံးစီးဖြင့် သယ်ဆောင်နေသည်ကို တွေ့ရှိခြင်းကြောင့် KNDF B/15 နှင့် B/04 တို့ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
မိမိတို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့များမှာ ၎င်းတို့ သယ်ဆောင်ခဲ့သော နွားအသေများနှင့်အတူ ဆိုင်ကယ် (၂)စီးအား ထားခဲ့၍ ထွက်ပြေးသွားခဲ့ပြီး နှစ်ဖက်ထိတွေ့မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့ပါသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ၎င်းတို့ထွက်ပြေးသွားစဥ် ကျန်ခဲ့သော ဆိုင်ကယ် (၂)စီးနှင့် သတ်ဖြတ်ခံထားရသောနွားများအား မိမိတို့ဖက်မှ ပြန်လည်သိမ်းဆည်းကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။

ဖရူဆိုမြို့၏ အစွန်အဖျားဖက်ရှိ ထီးကူးဆိုရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ နေ့စဉ်ရမ်းကားပစ်ခက်မှုများ ၊ ဖမ်းဆီးမှုများနှင့် နှစ်ဖက်ထိတွေ့မှုများကြောင့် ဒေသခံများမှာ စစ်ဘေးနှင့် ဝေးရာနေရာများသို့ တိမ်းရှောင်နေကြရသူများဖြစ်၍ လူနေထိုင်ခြင်းမရှိသော်လည်း နေအိမ်များ ၊တိရိစ္ဆာန်များ နှင့် အိမ်တွင်းပစ္စည်းများစွာရှိနေပါသည်။
ဖရူဆိုမြို့အတွင်း နေထိုင်သေးသည့် ဒေသခံအနည်းငယ်သာရှိပြီး အများစုမှာ စစ်ဘေးရှောင်နေရကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှာ ဒေသခံများ၏ နေအိမ်များအား ဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း ၊ တန်ဖိုးရှိပစ္စည်းများ ၊ တိရိစ္ဆာန်များအား ခိုးယူစားသောက်ခြင်းများကို နေ့စဉ်လုပ်ဆောင်လျှက်ရှိပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။
Leave a Reply