စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၅)
၂၀၂၃ ခုနှစ် ၊ ဇွန်လ(၅)ရက်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၀၂၁ခုနှစ်၊ မေလ( ၃၁ ) ရက်နေ့မှစ၍ ( ၂ ) နှစ်တာကာလအတွင်း စစ်ဗျူဟာ ( ၆ ) ဗျူဟာဖြင့် တပ်ရင်း ( ၂၂ ) ရင်း အခိုင်အမာဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်နီပြည်တစ်ဝှမ်းရှိ မြို့နယ်အသီးသီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် တပ်ဖြန့်လှုပ်ရှားလျက်ရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်လျက်ရှိပါသည်။
ကရင်နီပြည်တစ်ဝှမ်းတွင် ၂၀၂၁ခုနှစ်၊ မေလ မှစ၍ တိုက်ပွဲပေါင်း (၁,၀၀၀)ကျော် ဖြစ်ပွားခဲ့ပြီး KNDF နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အကြမ်းဖက်စစ်ကောင်စီတပ်သား (၂,၀၆၅) ကျော်ကို သုတ်သင်နိုင်ခဲ့ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သား ( ၄၁) ဦး ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ပါသည်။
စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်း (၁၀) ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ဆေးရေးဂိတ်အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ (၂) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များထံမှ လက်နက်ခဲယမ်းများအမြောက်အများ သိမ်းဆည်းရမိခဲ့ပါသည်။
၂၀၂၁ခုနှစ်၊ မေလမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ် မှ ကရင်နီပြည်အတွင်း နယ်မြေခံတပ်ရင်းများအပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ(၇) နှင့် တပ်မ (၁၀၁) စသော တပ်မ (၅) ခုဖြင့် ထိုးစစ်ဆင်ခဲ့ပါသည်။ စကခ(၇)၊ စကခ(၂)နှင့် တပ်မ(၆၆) တို့အား ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်းကယားနယ်စပ်တွင် တပ်ဖြန့်ထားသည့်အပြင် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ် တို့တွင်လည်း နယ်မြေခံတပ်ရင်း နှင့် တပ်မ(၆၆)တို့အား လှုပ်ရှားတပ်ဖြန့်ထားပါသည်။ ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ဘောလခဲ နှင့် ဖရူဆို မြို့နယ်တို့တွင် နယ်မြေခံတပ်ရင်းများအပြင် တပ်မ (၉၉)၊ စကခ (၂) နှင့် တပ်မ(၁၀၁)တပ်ရင်းများ စစ်ကြောင်းထိုးလှုပ်ရှား လျက်ရှိပါသည်။ ၄င်း တပ်မ(၅)ခုအနက် တပ်မ (၆၆) ရှိ တပ်ရင်းများမှာ ဖွဲ့စည်းပုံပျက်သည်အထိ ထိခိုက်သေဆုံးမှု များပြားခဲ့ပါသည်။ တပ်မ (၆၆ )အား အားဖြည့်ရန်အတွက် တပ်မ (၉၉ )၊ တပ်မ (၁၀၁) နှင့် စကခ ( ၂) တို့အား ကရင်နီပြည်အတွင်း အားဖြည့် ထိုးစစ်ဆင်ခဲ့ပါသည်။
ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားမှာ လွိုင်ကော်မြို့တစ်မြို့တွင် သာကျန်ရှိပြီး တိုက်ပွဲဖြစ်ပွားနေသော ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နှင့် ဘောလခဲမြို့တို့တွင် လူသူကင်းမဲ့ကာ စစ်ကောင်စီတပ်ရင်းများနှင့် ၄င်းတို့၏ မိသားစုဝင်များသာ ကျန်ရစ်ခဲ့ပါသည်။ ကျန်မြို့နယ်များမှာ စစ်ကောင်စီတပ်များရှိနေသော်လည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ စီမံအုပ်ချုပ်မှုအောက်တွင်ရှိပါသည်။ စစ်ကောင်စီထိန်းချုပ်ထားသော မြို့ပေါ်ရပ်ကွက်များမှအပ ကျန်မြို့နယ်နှင့်ဒေသများသည် သက်ဆိုင်ရာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှု အောက်တွင်ရှိပါသည်။
တော်လှန်ရေး (၂)နှစ်တာကာလအတွင်း ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြိမ်ရေ စုစုပေါင်း (၃၄၀ )ကြိမ် ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် လွိုင်ကော်မြို့နယ်တွင် ( ၁၆၂) ကြိမ်၊ ဖရူဆိုမြို့နယ်တွင် ( ၁၁၃) ကြိမ်၊ ဖယ်ခုံမြို့နယ်တို့တွင် (၁၇၀)ကြိမ်၊ ပင်လောင်းမြို့နယ်တွင် (၄၉) ကြိမ်၊ ဘောလခဲမြို့နယ်တွင် (၆၇) ၊ ရှားတောမြို့နယ်တွင် (၂၂) ကြိမ်၊ ဖားဆောင်းမြို့နယ်(၂) ကြိမ် နှင့် မယ်စဲ့မြို့နယ်တို့တွင် (၄) ကြိမ် ဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်အတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့အပြင် တရားမဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၁၅၂)ဦး သေဆုံးခဲ့ရပြီး၊ (၁၆၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်စီးမှု၊ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့်တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ်(၄၂၂) ကျော်ပျက်စီးခဲ့ပြီး၊ ဘာသာရေးအဆောက်အဦး (၁၂)လုံး နှင့် စာသင်ကျောင်း(၆)လုံး၊ ဆေးခန်း(၁၆)လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ရဟန်းသံဃာများအပါအဝင် အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၂)ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့ပြီး တရားမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု များကိုလည်း ကျူးလွန်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်သည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စောင့်စည်းလိုက်နာရမည့် နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး လူသားမျိုးနွယ်များအပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိပါသည်။
တော်လှန်ရေး (၂) နှစ်တာကာလအတွင်း အကြမ်ဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDFမှ တော်လှန်ရေး ရဲဘော် (၁၅၃) ဦး ကျဆုံးခဲ့ရပါသည်။ ကျဆုံးသွားသော ရဲဘော်များအား KNDF မှ ကရင်နီအမျိုးသား အာဇာနည်များအဖြစ် အသိအမှတ်ပြု သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။ ကျဆုံးသွားသော အာဇာနည်ရဲဘော်များအားလုံးကို တိုင်တည်ပြီး တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။
ဆက်သွယ်ရန်။ ၀၉ ၇၈၈ ၅၄၅ ၂၇၃၊ ၀၉ ၇၇၇ ၉၆၁ ၇၃၁၊ ၀၉ ၄၀၂ ၀၅၃ ၇၃၅။
Leave a Reply