ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF) ၏ တော်လှန်ရေးသမိုင်းစာမျက်နှာသစ် အား ကြိုဆိုဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာချက်


(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

၁၉၇၈ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲကာ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင် ပြောင်းလဲခဲ့ရ ပြီးနောက် ယနေ့(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ရက်)တွင် ပြည်သူအား မတရားဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီကို ပြန်၍တွန်းလှန်တိုက်ခိုက်ပြီဖြစ်ကြောင်း KNPLF (ကလလတ) မှ တရားဝင်ထုတ်ပြန်ကြေညာသည်ကို ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှစ၍ KNPLF/ကလလတ မှ ပါဝင်ဆင်နွဲခဲ့သည့် ကရင်နီပြည် မယ်စဲ့မြို့နယ် တိုက်ပွဲများသည် နွေဦးတော်လှန်ရေး နှင့် မြန်မာပြည်တဝန်းလုံး၏ နိုင်ငံရေးဖြစ်စဉ်အား အချိုးအကွေ့တခု၊ ခွန်အားတခု ဖြစ်စေခဲ့ပါသည်။ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ထားရသည့် BGF (၁၀၀၄ )(၁၀၀၅) တပ်ရင်း(၂)ခု မိခင် KNPLFအဖွဲ့အစည်း၏ တပ်ရင်းများအဖြစ် ပြန်လည်ရပ်တည်ပြီး စစ်ကောင်စီကို တွန်းလှန် ခြင်း၊
မယ်စဲ့မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော BP(13) တပ်စခန်း၊ BP(14)တပ်စခန်း၊ BP(15) မယ်တနွယ် တပ်စခန်း၊ BP(16) တောင်လှတပ်စခန်း ၊ မယ်စဲ့ဗျူဟာတပ်စခန်း နှင့် မယ်စဲ့မြို့မ ရဲစခန်း တို့ကို ရက်သတ္တပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခြင်း တို့သည် KNPLF(ကလလတ)၏ ကောင်းမွန်သော စစ်ရေးဦးဆောင်မှုစွမ်းရည် ကို ပြသခဲ့ပြီး ကရင်နီပြည်တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှု ကို မြင်သာစေခဲ့ပါသည်။

KNPLF(ကလလတ) အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုကို ပြန်၍ တိုက်ခိုက်နေပြီဟု ထုတ်ပြန်သော်လည်း ၂၀၂၁ ခုနှစ် စစ်ကောင်စီမှ အာဏာသိမ်းပြီး လူထုသပိတ်ဆန္ဒပြပွဲများတွင် လည်းကောင်း၊ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားပြီး ကာလတလျောက် တွင်လည်းကောင်း နည်းလမ်းပေါင်းစုံဖြင့် ပြည်သူလူထုဖက်မှ ရပ်တည်ပြီးအကာအကွယ်ပေးခြင်း၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို ကူညီပေးခြင်းများကို မိမိတို့ KNDF အနေဖြင့် အသိအမှတ်ပြုလိုပါသည်။ KNDF အစ အမြူတေ တပ်ရင်းများကို စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း၊ KNDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကို KNPLF(ကလလတ)၏ ထိန်းချုပ်နယ်မြေများတွင် အခြေချခွင့်ပေးခြင်း နှင့် အခြားသော စစ်ရေး/နိုင်ငံရေး အကူအညီများကို KNDF အနေဖြင့် ရရှိခဲ့ပါသည်။

ယနေ့တွင် တရားဝင်ထုတ်ပြန်ချိန်မှ တဖန်စတင်ပြီဖြစ်သော KNPLF(ကလလတ) ၏ တော်လှန်ရေးခရီးတွင် KNDF သည် ကရင်နီပြည်လူမျိုး ပေါင်းစုံ တော်လှန်ရေးအင်အားစုများ ညီညွတ်ရေးကို ဦးထိပ်ထား၍လည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်ရေး ကရင်နီပြည်လက် နက်ကိုင်အဖွဲ့အစည်းများ စုစည်းတိုက်ပွဲဝင်ရေးအတွက် လည်းကောင်း အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။

ထိုစစ်ရေးပူးပေါင်းဆောင်ရွက်မှုမှသည် အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး နှင့် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည့် နိုင်ငံရေးရည်မှန်းချက်များ ပြည့်မြောက်သည့်တိုင် အတူတကွ ဆက်လက် ချီတက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုကော်မတီ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)


Leave a Reply

Your email address will not be published. Required fields are marked *