ကရင်နီပြည်နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲ အစီရင်ခံစာ

ဇန်နဝါရီလ (၁)လတာ စစ်ရေးသတင်းထုတ်ပြန်ခြင်း

စာအမှတ် KNDF / ၁/၂၀၂၅ (၀၀၁)

                                                                                                          ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂)ရက်

 

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ(၁)လတာတွင် ကရင်နီပြည်နယ်တွင်း၌ လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ ဖားဆောင်းမြို့ နှင့် ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိမိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တိုတွင် KNDF တပ်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။

ကရင်နီပြည်နယ်တွင် ဇန်နဝါရီလ (၁)လတာအတွင်း

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီဖက်မှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း ၊ ဒရုန်းများဖြင့် ဗုံးကြဲ         တိုက်ခိုက်ခြင်းများ မကြာခနပြုလုပ်ခဲ့ပြီး နှစ်ဖက်ထိတွေ့မှု ကြိုကြားသာရှိခဲ့ပါသည်။ ဖားဆောင်းမြို့တွင်လည်း ကြိုကြားထိတွေ့မှုများသာရှိခဲ့ပါသည်။  ဘောလခဲမြို့နယ်တွင် ဇန်နဝါရီလ (၁၂) ရက်နေ့၌ မိုင်းထမ်းကျေးရွာ နှင့် ဝမ်မလန်းကျေးရွာကြားသို့ စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးကျော်သေဆုံးကာ လက်နက်(၄)လက် သိမ်းဆည်းရရှိခဲ့ပါသည်။

ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့တွင် ဇန်နဝါရီလ(၁)လတာလုံး နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ ပါသည်။ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်တွင် စုဖွဲ့ရောက်ရှိနေသော စစ်ကောင်စီ၏ စစ်ကြောင်းအချို့မှာ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကြောင်းထိုးရန် ကြိုးပမ်းနေ၍ နေ့စဉ် ထိတွေ့မှုများရှိနေခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ဒရုန်း ၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါးပြုလုပ် ခဲ့ပါသည်။ ဇန်နဝါရီလ ( ၁၉) ရက်နေ့တွင်  မိုးဗြဲမြို့တွင်းသိုဦးတည်၍ စစ်ကောင်စီဖက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့၍ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်း တော်လှန်ရေးတပ်များမှ ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန်ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး တိုက်ပွဲများဆက်၍ ဖြစ်ပွားနေဆဲဖြစ်ပါသည်။

ထို့အတူ ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင်  စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော  စခန်းကုန်းအား  KNDF အပါအဝင်တော်လှန်ရေးတပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ရန်သူ(၃၀)ကျော်သေဆုံးကာ လက်နက်ကြီးငယ်အစုံ(၂၈)လက် အား  သိမ်းဆည်းရရှိခဲ့ပါသည်။

ဇန်နဝါရီလ(၁)လတာအတွင်း စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များအား ရဲရင့်စွာတိုက်ခိုက်ရင်း မိမိတို့ KNDF မှ ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားခဲ့ရသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများ အဖြစ် မိမိတို့ KNDF မှ အစဉ်အမြဲဂုဏ်ပြုမှတ်တမ်းတင်နေမည်ဖြစ်ပါသည်။

ဇန်နဝါရီလ (၁)လတာအတွင်း ကရင်နီပြည်နယ် နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု (၃၁)ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် မှု(၃၀)ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ပါသည်။ ထို့အတူ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများနှင့်   လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် (၂)ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ (၇)ဦးသေဆုံးခဲ့ရပြီး ကလေးငယ် (၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁)ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ (၁၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။

ဇန်နဝါရီလ (၁)လတာအတွင်း စစ်ကောင်စီမှ မိုးဗြဲမြို့သို့ လေယာဉ်၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် အပြင်း အထန်တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ နေအိမ်ပေါင်း (၃၀)နီးပါး နှင့် ဘာသာရေးအဆောက်အအုံးများ ထိခိုက်ပျက်ဆီးမှု များခဲ့ပါသည်။ ကရင်နီပြည်နယ်တွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေကြောင်း ၊ လက်နက်ကြီး  ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် (၃၈)လုံးနှင့်အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း (၂)ကျောင်း ၊ ဘုန်ကြီးကျောင်း (၅)ကျောင်းထိခိုက်ပျက်ဆီးခဲ့ပါသည်။

ဇန်နဝါရီလ (၁)လတာအတွင်း KNDF တပ်ရင်းများနှင့်အတူ တော်လှန်ရေးတပ်များပူးပေါင်း၍ စစ်ကောင်စီ နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ဦးကျော်သေဆုံးကြောင်း မြေပြင်အချက်အလက်များအရ အတည်ပြုပါသည်။ ထို့အတူ ဇန်နဝါရီလ (၁)လတာအတွင်း စစ်ကောင်စီဖက်မှ ဒုအရာခံဗိုလ် (၁)ဦး ၊ တပ်သား (၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၁၀)ဦး သေနတ် (၇)လက်နှင့်အတူ KNDF သို့ အသီးသီး ဘက်ပြောင်းခိုလှုံလာခဲ့ပါသည်။

 

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

ဆက်သွယ်ရန် –  ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၈၃ ၄၇၄ ၆၅၂ ၊ ၀၉ ၄၂၅ ၅၁၇ ၅၉၄ ၊ +၆၆၈၁၉၇၅၈၇၇၀

 


Leave a Reply

Your email address will not be published. Required fields are marked *